ကက က္က
(+951) 855 0596, (+959) 420 313 719, (+959) 730 20803
Email : yankin@dualtechmyanmar.com, dualtechtrainingcentre@gmail.com

DUAL TECH ကျောင်းအုပ်ဆရာကြီးဦးအုန်းမြင့်(ဒီဇယ်) ရေးသားထုတ်ဝေသောစာအုပ်များ

မော်တော်ယာဉ်အင်ဂျင်များ

course-reference-01

ကျွန်တော်သည် စွမ်းအားထုတ်လုပ်သော ]အင်ဂျင်} များနှင့်ပတ်သက်၍ စာအုပ်ပေါင်း (၁၁) အုပ် ထုတ်ဝေခဲ့ပြီး ဖြစ်ပါသည်။ ယခုစာအုပ်သည် (၁၂) အုပ်မြောက် စာအုပ်ဖြစ်ပါသည်။ ဤစာအုပ်သည် Automotive Engines (မော်တော်ယာဉ် အင်ဂျင်များ) စာအုပ်ဖြစ်ပါသည်။ ဤစာအုပ်သည် စင်္ကာပူနိုင်ငံ McGraw-Hill Book Co. စာအုပ်တိုက်မှ စာရေးဆရာ Willian H.Crovse နှင့် Donald L.Anglin တို့ မူရင်း ရေးသားခဲ့ပါသည်။ ထိုစာအုပ်သည် 8th Edition အဖြစ် ၁၉၉၅ ခုနှစ်တွင် ထုတ်ဝေခဲ့ခြင်း ဖြစ်ပါသည်။ ထိုစာအုပ်မှ မှီငြမ်းပြီး ဤစာအုပ်ဖြစ်ပေါ်ရခြင်း ဖြစ်ပါသည်။

ထိုသို့ ဖြစ်ပေါ်ရခြင်းမှာ မော်တော်ယာဉ် အင်ဂျင်များနှင့် ပတ်သက်၍ အင်ဂျင်များနှင့် သက်ဆိုင် သော အခန်းပေါင်း (၃၂) ခန်းဖြင့် ပြည့်စုံစွာ ဖော်ပြထားပါသည်။ ဤစာအုပ်တွင် ၁၉၉၅ ပတ်ဝန်းကျင်ရှိ တိုင်းပြည်ပေါင်းစုံ မော်တော်ကား ထုတ်လုပ်သော ကုမ္ပဏီများမှ ထုတ်လုပ်သော မော်တော်ယာဉ်အင်ဂျင် များနှင့် ပတ်သက်သော အကြောင်းအရာပေါင်း (၁၆) ခုကို ပြည့်စုံစွာ ဖော်ပြထားခြင်း ဖြစ်ပါသည်။

ထိုအင်ဂျင်များ၏ informations (သတင်းအချက်အလက်များ) safetys (လုံခြုံရေး)၊ fundamentals (အခြေခံအချက်အလက်များ)၊ controls (ထိန်းချုပ်မှုများ)၊ types and classifications (ပုံစံများနှင့် အမျိုး အစားခွဲခြားမှုများ)၊ constructions (တည်ဆောက်ပုံများ)၊ operations (အလုပ်လုပ်ပုံများ)၊ measurement and performances (တိုင်းတာခြင်းနှင့် စွမ်းဆောင်နိုင်မှုများ) fuels (လောင်စာဆီများ)၊ electronic fuel injection systems (အီလက်ထရောနစ် လောင်စာဆီ ပန်းသွင်းစနစ်များ) sytems (စနစ်များ)၊ electronic ignition systems (အီလက်ထရောနစ် မီးပေးစနစ်များ) diagnosis & services (အပြစ်ရှာဖွေခြင်းနှင့် ပြုပြင်ခြင်းများ)၊ engine test & tune up (အင်ဂျင်စမ်းသပ်ခြင်းနှင့် ထိန်းသိမ်း စောင့်ရှောက်ခြင်း)၊ engine performance & driveability diagnosis (အင်ဂျင်စွမ်းဆောင်ရည်နှင့် မောင်းနှင်မှုစွမ်းရည် အပြစ်ရှာဖွေခြင်းများ)နှင့် engine services (အင်ဂျင်အစိတ်အပိုင်းများ ပြုပြင်မှုများ) စသ်တို့ ပါ၀င်သည်။

ဤစာအုပ်သည် မော်တော်ယာဉ် အင်ဂျင်များ၏ စွယ်စုံကျမ်း (encyclopendia) သဖွယ်လိုအပ်မှု မရှိစေရန် ပြည့်စုံစွာ ဖော်ပြထားခြင်း ဖြစ်သည်။

ထို့ကြောင့် ဤစာအုပ်သည် မော်တော်ယာဉ် ထုတ်လုပ်သူများ၊ မော်တော်ယာဉ်ပိုင်ရှင်များ၊ မော်တော်ယာဉ် စက်ပြင်ဆရာများ၊ နည်းပညာကျောင်းများမှ နည်းပညာကျောင်းသား/သူများ၊ မဟာ၊ ပါရဂူဘွဲ့ယူ စာတမ်းပြုစုသူများ၊ ဗဟုသုတရှာဖွေလိုသူများ၊ သုတေသနပညာရှင်များ၊ မော်တော်ကားများ နှင့် ပတ်သက်သူများအားလုံးနှင့် စာကြည့်တိုက်များတွင် မဖြစ်မနေရှိရမည့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။ ဤစာအုပ်ဖြင့် သန်း (၆၀) ကျော် မြန်မာနိုင်ငံသားများနှင့် မြန်မာနိုင်ငံတော်အတွက် အကျိုးပြု မည်ဟု ယုံကြည်မိပါသည်။

မော်တော်ယာဉ်ဆိုင်ရာ ဝေါဟာရများ (ဒုတိယအကြိမ်)

course-reference-02

မော်တော်ယာဉ်တစ်ဦးတွင် အစိတ်အပိုင်းပေါင်း (၆၀၀၀) ကျော်ဖြင့် ဖွဲ့စည်းတည်ဆောက်ထားခြင်း ဖြစ်ပါသည်။ ယနေ့ခေတ်မီမော်တော်ယာဉ်များတွင်မူ ထိုထက်ပိုမိုသော အစိတ်အပိုင်းများဖြင့် ဖွဲ့စည်းတည်ဆောက်ထားပါသည်။

ထိုအစိတ်အပိုင်းများနှင့် ပတ်သက်သော ဝေါဟာရ “Term” များသည် ကမ္ဘာနှင့်အဝှမ်း သတ်မှတ်ချက်နှင့်အညီ တစ်မျိုးတည်းသာ ဖြစ်ပါသည်။

ထိုဝေါဟာရများကို မြန်မာနိုင်ငံတွင် အသုံးပြုရာ၌ တစ်ခါတစ်ရံဘာသာပြန်၍လည်းကောင်း၊ တစ်ခါတစ်ရံ ဝေါဟာရဖလှယ်၍လည်းကောင်း၊ တစ်ခါတစ်ရံ အသံဖလှယ်၍လည်းကောင်း အသုံးပြုနေကြပါသည်။ တချို့တွင် မြန်မာမှုပြု၍လည်းကောင်းအမျိုးမျိုးခေါ်ဝေါ်လျက်ရှိပါသည်။

သို့သော် အခြားသော နိုင်ငံများနှင့် ဆက်သွယ်အသုံးပြုသောအခါ တစ်ကမ္ဘာလုံးမှ အသုံးပြုနေသော စံချိန်စံညွှန်းဝေါဟာရများနှင့်သာ ဆက်သွယ်အသုံးပြုကြရပါသည်။

သို့ပါ၍ ဤစာအုပ်တွင် ဖော်ပြထားသော မော်တော်ယာဉ်ဆိုင်ရာ ဝေါဟာရများသည် နိုင်ငံတကာနှင့် ဆက်သွယ်ရမည့် ဝေါဟာရများနှင့် မြန်မာနိုင်ငံသုံး ဝေါဟာရများကို ယှဉ်တွဲဖော်ပြထားပါသည်။

ထို့ပြင် ဤစာအုပ်တွင် မော်တော်ယာဉ်အစိတ်အပိုင်းပစ္စည်းတစ်ခုချင်း၏ တည်ဆောက်ပုံနှင့် အလုပ်လုပ်ပုံကို အကျဉ်းချုပ်၍ ဖော်ပြပါရှိသဖြင့် ဝေါဟာရများကို သိရှိသည့်အပြင်ပစ္စည်း၏ အကြောင်းအကျဉ်းချုပ်ကိုပါ သိရှိစေမည်ဖြစ်ပါသည်။ ထို့ကြောင့် ဤစာအုပ်သည် အကြောင်းအမျိုးမျိုးကြောင့် မော်တော်ယာဉ်အစိတ်အပိုင်းများအကြောင်း သိရှိလိုသူများအတွက် ရေးသားဖော်ပြခြင်း ဖြစ်ပါသည်။

ကွန်ပျူတာအသုံးချ အင်ဂျင်ထိန်းချုပ်မှုစနစ်များ ပြုပြင်ထိန်းသိမ်းနည်းလက်စွဲ

course-reference-03

ယနေ့ကမ္ဘာကြီးတွင် တိုးတက်မှုများသည် ကဏ္ဍပေါင်းစုံ၊ နေရာပေါင်းစုံတွင် အရှိန်ပြင်းစွာဖြင့် ဖြစ်ပေါ်တိုးတက်လျက် ရှိပါသည်။ သတင်းအချက်အလက်နည်းပညာခေတ်၊ ပညာခေတ်ဟုခေါ်သော ယနေ့ကမ္ဘာတွင် မော်တော်ယာဉ်ဆိုင်ရာ နည်းပညာနယ်ပယ်အတွင်းသို့ နက်ရှိုင်းစွာဖြင့် ထိုးဖောက်ဝင်ရောက်ခဲ့ ပြီးဖြစ်ပါသည်။

ထိုနည်းပညာဖြစ်ပေါ်လာမှုအစမှာ “လေထုညစ်ညမ်းမှု” များ လျော့ကျစေရန် ဖန်တီးမှုများမှ စတင်ခြင်းဖြစ်ပါသည်။ မော်တော်ယာဉ်များ၊ စက်ရုံ အလုပ်ရုံများ၊ လျှပ်စစ်ထုတ်လုပ်မှုလုပ်ငန်းများ၊ အဆောက်အဦများ အပူပေးစနစ်၊ လေယာဉ်များနှင့် သင်္ဘောများအစရှိသည့် လေထုကို ညစ်ညမ်းစေသော ဓာတ်ငွေ့များ ထုတ်လွှတ်လျက်ရှိပါသည်။ အဆိုပါ ဓာတ်ငွေ့များကို ထိန်းချုပ်နိုင်ရန်အတွက် ကမ္ဘာ့နိုင်ငံအချို့၏ အစိုးရများမှ ဥပဒေများ ပြဋ္ဌာန်း၍ ပိတ်ပင်ခဲ့ပါသည်။ ထို့ကြောင့် မော်တော်ယာဉ်များမှ မလိုလားအပ်သော ဓာတ်ငွေ့ ထုတ်လုပ်မှု လျော့ကျစေရန် ဖန်တီးတည်ဆောက်ခဲ့ကြခြင်းမှ ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။

ဖန်တီးတည်ဆောက်ရာတွင် ကွန်ပျူတာ၊ သတင်းအချက်အလက်ဆင်ဆာများ၊ အက်ကျူရေတာများတို့ ပါ၀င်ကြပါသည်။ သတင်းအချက်အလက်ဆင်ဆာများသည် အပူချိန်၊ ဖိအား၊ လေစီးနှုန်း၊ နေရာ အစရှိသည်များ ကို ခံစား၍ ကွန်ပျူတာသို့ သတင်းပို့သည်။ ကွန်ပျူတာမှ ခွဲခြမ်းစိတ်ဖြာ၍ အက်ကျူရေတာများဖြစ်သော ဆီပို့ပန့်၊ နော်ဇယ်အစရှိသည်ကို အလုပ်လုပ်စေပါသည်။ စောစောပိုင်းအချိန်များတွင် အင်ဂျင်တစ်မျိုးတည်းကိုသာ ထိန်းချုပ်ရန်အတွက် အသုံးပြုခဲ့ကြပါသည်။

နောက်ပိုင်းမော်တော်ယာဉ်များတွင် အင်ဂျင်တစ်မျိုးတည်းသာမက မော်တော်ယာဉ်အစိတ်အပိုင်းများစွာတို့တွင် သတင်းအချက်အလက် ဆင်ဆာများတပ်ဆင်၍ ထိန်းချုပ်ခဲ့ကြပါသည်။ ဆွဲထိန်းစနစ်များ (Suspension System)၊ ဘရိတ်စနစ်များ (Brake System)၊ ပါ၀ါစတီရာရင် (Power Steering) စနစ်များ၊ ဂီယောဘောက် (Transaxle) စသော စနစ်များစွာတို့ကိုပါ ထိန်းချုပ်နိုင်ရန် တည်ဆောက်ခဲ့ပြီးဖြစ်ပါသည်။

ဤစာအုပ်တွင် နိုင်ငံပေါင်းစုံ၊ ကုမ္ပဏီပေါင်းစုံမှ ထုတ်လုပ်သော ခေတ်မီကွန်ပျူတာထိန်းချုပ် မော်တော်ယာဉ်များ၏ အစိတ်အပိုင်းများ တည်ဆောက်ပုံ၊ အလုပ်လုပ်ပုံများကို ဖော်ပြထားပါသည်။ အခန်း (၈) တွင် အစိတ်အပိုင်းများကို စစ်ဆေးခြင်း၊ အစားထိုးလဲလှယ်ခြင်းနှင့် ထိန်းသိမ်းပြုပြင်ဆောင်ရွက်ရာတွင် သတိပြုရမည့်အချက်များကို အတိအကျ ဖော်ပြထားသည်။

ထို့ပြင် အခန်း (၇) တွင် သက်ဆိုင်ရာ မော်တော်ယာဉ်မှ ထုတ်လွှတ်သော အပြစ်၏ သင်္ကေတများကို ဖော်ပြထားသဖြင့် ထိုသင်္ကေတများကို ဖတ်ရှုပြီး အပြစ်ဖြစ်ပေါ်သော အစိတ်အပိုင်းများကို လွယ်ကူလျင်မြန်စွာ ဖော်ထုတ်ပြုပြင်နိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် ယခုစာအုပ်သည် ၁၉၉၀ ခုနှစ်နောက်ပိုင်း ထုတ်လုပ်သော ကွန်ပျူတာထိန်းချုပ် မော်တော်ယာဉ်များ ပြုပြင်လိုသော အင်ဂျင်နီယာများ၊ ပညာရှင်များ၊ လုပ်ငန်းရှင်များအတွက် များစွာအထောက်အကူပြုသော စာအုပ်တစ်အုပ်ဖြစ်ကြောင်း တင်ပြလိုက်ပါသည်။

DUAL TECH ကျောင်းအုပ်ကြီးဦးအုန်းမြင့်(ဒီဇယ်) ရေးသားထုတ်ဝေခဲ့သောစာအုပ်များ

course-reference-04course-reference-05

ဒီဇယ်အင်ဂျင်

ဒီဇယ်အင်ဂျင်ကို အသုံးပြုလာခဲ့သည်မှာ နှစ်ပေါင်း (၁၀၀) ကျော်ခဲ့ပြီဖြစ်ပါသည်။ ဒီဇယ်အင်ဂျင် စတင်ပေါ်ပေါက်ခဲ့ပြီးနောက် ကမ္ဘာနှင့်အဝှမ်း နိုင်ငံပေါင်းစုံ၊ ကုမ္ပဏီပေါင်းစုံမှ ဒီဇယ်အင်ဂျင်များကို ထုတ်လုပ်ခဲ့ကြပြီး ဖြစ်ပါသည်။ ထုတ်လုပ်ရာတွင် ထုတ်လုပ်သည့်စွမ်းအား (မြင်းကောင်ရေ) ပေါ်မူတည်၍ အရွယ်အစားကြီးသေး ကွာခြားမှုများ ရှိခဲ့သည်။

ထို့ပြင် ဒီဇယ်ဆီပေးပို့မှုစနစ် Fuel Injection System အမျိုးမျိုးဖြင့် အင်ဂျင်ပုံစံမျိုးစုံ ထုတ်လုပ်၍ ဒီဇယ်အင်ဂျင် ဒီဇိုင်းအမျိုးမျိုးကို ထုတ်လုပ်ခဲ့ကြပါသည်။

အအေးပေးစနစ် ခြားနားမှု၊ လည်ပတ်မှုအခြေအနေ၊ အသုံးပြုမည့်လုပ်ငန်း၊ အသုံးပြုသည့် Cycle၊ တပ်ဆင်သည့် Valve အစီအစဉ်၊ အသုံးပြုသည့် ဒီဇယ်ဆီ၏ အမျိုးအစားစသည့် အချက်များပေါ်မူတည်၍ များစွာသော အင်ဂျင်အမျိုးမျိုးကို တည်ဆောက်ခဲ့ကြပါသည်။

အဆိုပါအမျိုးမျိုးသော ဒီဇယ်အင်ဂျင်များတွင် ပါ၀င်တည်ဆောက်ထားသောစနစ်များအကြောင်းကို ဤစာအုပ်တွင် ပြည့်စုံစွာ ဖော်ပြထားသည့်အပြင် ထိန်းသိမ်းခြင်းနှင့် စစ်ဆေးပြုပြင်ခြင်းတို့ကိုပါ ပြည့်စုံစွာ ဖော်ပြထားပါသည်။

သို့ပါ၍ ဒီဇယ်အင်ဂျင်နှင့် ပတ်သက်သော ဌာနဆိုင်ရာများ၊ အသုံးပြုသူများ၊ အင်ဂျင်နီယာများ၊ ကုမ္ပဏီများ၊ ကားပိုင်ရှင်များ၊ အလုပ်ရုံများတွင် လက်ကိုင်ထားရမည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။ ဤစာအုပ်ကို ဖတ်ရှုခြင်းဖြင့် ဒီဇယ်အင်ဂျင်၏ လျှို့ဝှက်ချက်များကို သိရှိပြီး လျင်မြန်စွာ ထိန်းသိမ်းပြုပြင်နိုင်ကြ မည်ဖြစ်ကြောင်း ရေးသားဖော်ပြအပ်ပါသည်။

အင်ဂျင်နီယာအဘိဓာန်

course-reference-06

ဤအဘိဓာန်စာအုပ်တွင် စာလုံးပေါင်း (၁၂၀၀၀) ကျော်နှင့် သရုပ်ပြရုပ်ပုံပေါင်း (၈၀၀) ကျော် ပါ၀င်ပါသည်။ အင်ဂျင်နီယာနယ်ပယ်ဖြစ်သော Mechanical Electrical Electronic, Civil, Control Technology စသည့် ဘာသာရပ်များအပြင် သိပ္ပံပညာရပ်နယ်ပယ်ဖြစ်သော Physics, Chemistry, Mathematic ဘာသာရပ်များ၊ Computer ဘာသာရပ်တို့မှ စကားလုံးများဖြစ်ပါသည်။

ဤစာအုပ်၏ ထူးခြားချက်မှာ အဆိုပါဘာသာရပ်များအပြင် အင်ဂျင်နီယာဘာသာရပ်များနှင့် တွဲဖက်အသုံးပြု လေ့ရှိသော အင်္ဂလိပ်စကားလုံးများ ပါ၀င်ထားခြင်းဖြစ်ပါသည်။ အချို့သော စကားလုံးများသည် Mechanical တွင် အဓိပ္ပါယ်တစ်မျိုး၊ Electrical တွင် အဓိပ္ပါယ်တစ်မျိုး၊ Civil တွင် အဓိပ္ပါယ်တစ်မျိုး control technology တွင် အဓိပ္ပါယ်တစ်မျိုးစသည်ဖြင့် ဖွင့်ဆိုကြပါသည်။ ဤစာအုပ်တွင် အဓိပ္ပါယ်ဖွင့်ဆိုချက်အမျိုးမျိုးကို တစ်စု တစ်ပေါင်းတည်း ဖော်ပြထားခြင်းဖြစ်ပါသည်။

ထို့ပြင် ဤစာအုပ်တွင် ဖော်ပြထားသော စာလုံးပေါင်းများကို verb form, noun form ဟု မခွဲခြားဘဲ၊ အင်ဂျင်နီယာဘာသာရပ် စကားလုံးများအဖြစ်သာ ဖွင့်ဆိုထားပါသည်။ ဤအဘိဓာန်ဖတ်ရှုသူများအနေဖြင့် ဤစာအုပ် တစ်အုပ်တည်းဖြင့် မိမိ၏ ဘာသာရပ်များကို ဖတ်ရှုနိုင်မည်ဖြစ်သဖြင့် မိမိဘဝတစ်သက်တာအတွက် မရှိမဖြစ်ဆောင်ထားရမည့် စာအုပ်တစ်အုပ်ဖြစ်ပါသည်။ ထို့ပြင် စာကြည့်တိုက်များတွင် အနည်းဆုံးတစ်အုပ် ထားရှိသင့်သော စာကြည့်တိုက်လက်စွဲစာအုပ်ဖြစ်ပါသည်။

ဤစာအုပ်ကို ၁၉၉၀ ခုနှစ်ခန့်မှ စတင်ပြုစုခဲ့ရပါသည်။ စာအုပ်ပြုစုခဲ့စဉ်အတွင်း ကာယအား၊ ဉာဏအားဖြင့် ကူညီခဲ့ကြသော ဆရာ/ဆရာမများအားလည်းကောင်း၊ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများအားလည်းကောင်း၊ တပည့်များအားလည်းကောင်း ဤစာအုပ်ဖြင့် မှတ်တမ်းတင်ကျေးဇူးတင်ရှိပါသည်။ တစ်ဦးချင်းနာမည်ဖော်၍ ကျေးဇူးမတင်ရသည်ကို နားလည်ခွင့်လွှတ်ကြပါရန် တောင်းပန်အပ်ပါသည်။

ဤအဘိဓာန်ကို အကြိမ်ပေါင်းများစွာ ကြိုးစား၍ စစ်ဆေးခဲ့သော်ငြားလည်း အမှားအယွင်း တစ်စုံတစ်ရာရှိပါက အကြံဉာဏ်များပေးပို့မည်ဆိုလျှင် ကျေးဇူးတင်ဝမ်းမြောက်စွာ လက်ခံမည်ဖြစ်ကြောင်းနှင့် နောင်လာမည့် အကြိမ်များတွင် အမှားအယွင်းကင်းစွာဖြင့် စကားလုံးပေါင်းများစွာကို ဖြည့်တင်း၍ ပိုမိုပြည့်စုံသည်ထက် ပြည့်စုံအောင် ဖော်ပြမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ ဤစာအုပ်သည် မြန်မာနိုင်ငံသားတစ်ဦးစီအတွက် အကျိုးရှိစေမည်ဟူသော ရည်ရွယ်ချက်ဖြင့် ရေးသားပြုစုရခြင်းဖြစ်ပါသည်။ ရည်ရွယ်ထားသည့်အတိုင်း အကျိုးရှိပါက ဤစာအုပ်ပြုစုရကျိုးနပ်ပြီး နိုင်ငံတော် တာဝန် တိုင်းပြည်တာဝန်ကို အုတ်တစ်ချပ်၊ သဲတစ်ပွင့် ထမ်းဆောင်ခွင့်ရသည်ကို ဂုဏ်ယူဝမ်းမြောက်မည်ဖြစ်ပါသည်။

အလုပ်ရုံတွက်ချက်မှုပညာများနှင့် အထွေထွေမှတ်စုများ (စတုတ္ထအကြိမ်)

course-reference-07

ဤစာအုပ်ထုတ်ဝေရေးသားရသည့် ရည်ရွယ်ချက်မှာ အချိန်မပေးနိုင်သော အချက်အလက်သိရှိလိုသူများအတွက် အလွယ်တကူ ရှာဖွေရရှိနိုင်စေရန် ဖြစ်ပါသည်။

စာအုပ်ပေါင်းများစွာထဲမှ ပါရှိသော ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး စသည့် ကဏ္ဍဆိုင်ရာ အချက်အလက်ပေါင်းများစွာကို တစ်စုတစ်ဝေးတည်း စုပေါင်းဖော်ပြထားပါသည်။

၁၉၉၇ ခုနှစ်တွင် “ပထမအကြိမ်” စတင်ထုတ်ဝေခဲ့ပါသည်။ ၂၀၀၃ ခုနှစ်တွင် “စတုတ္ထ” အကြိမ်ထပ်မံ ထုတ်ဝေပါသည်။ စတုတ္ထအကြိမ်ထုတ်စာအုပ်တွင် ကဏ္ဍပေါင်းများစွာထဲမှ အချက်အလက်ပေါင်း (၅၀၀) ကျော် ပါ၀င်ပြီး ပြည့်စုံသည်ထက် ပိုမိုပြည့်စုံစေရန် ဆောင်ရွက်ထားပါသည်။

သို့သော် ဤစာအုပ်တွင် ဖော်ပြထားသော အချက်အလက်များသည် ပြီးပြည့်စုံသည်ဟု မယူဆပါ။ အချက်အလက်ပေါင်းများစွာ ကျန်ရှိနေနိုင်မည်သာ ဖြစ်ပါသည်။ ကျန်ရှိသော ထိုအချက်အလက် များကို နောင်ထုတ်ဝေမည့် အကြိမ်တိုင်းတွင် ပါ၀င်နိုင်ရန် အမြဲကြိုးစားလျက် ရှိပါသည်။

လိုအပ်နေသော အချက်အလက်များရှိပါက ဆက်သွယ်၍ အကူအညီများ တောင်းခံနိုင်ပါသည်။ အကယ်၍ ဝေဖန်အကြံဉာဏ်များ ပေးပို့ပါက ၀မ်းမြောက်ဝမ်းသာ ကြိုဆိုလက်ခံမည် ဖြစ်ပါသည်။

သို့ပါ၍ ဤစာအုပ်မှ အချက်အလက်များကို လွယ်ကူစွာရရှိပြီး လုပ်ငန်းများကို လျင်မြန်စွာ ဆောင်ရွက်နိုင်စေရန် ဆန္ဒပြုပါသည်။

အတွင်းမီးလောင်ပေါက်ကွဲသော အင်ဂျင်များ

course-reference-08

စွမ်းအားထုတ်လုပ်သော အင်ဂျင်များတွင် အသုံးပြုသောလောင်စာ (Fuel) ပေါ်မူတည်၍ တည်ဆောက်မှုများ ကွဲပြားခြားနားကြပါသည်။ ထို့ပြင်အလုပ်လုပ်ပုံ (operation) ပေါ်မူတည်၍လည်း ကွဲပြားခြားနားကြပါသည်။ အသုံးပြုသောလောင်စာ၊ အလုပ်လုပ်ပုံနှင့် အခြားသော အကြောင်းအရာများကြောင့် ဒီဇိုင်းအမျိုးမျိုးဖြင့် အတွင်းမီးလောင်ပေါက်ကွဲသောအင်ဂျင် (Internal Combustion Engine) များကို ထုတ်လုပ်ကြသည်။

ဓာတ်ဆီအင်ဂျင်၊ ဒီဇယ်အင်ဂျင်၊ (Turbine Jet) အင်ဂျင်၊ (Rotary) အင်ဂျင်၊ (Gas) အင်ဂျင်၊ (Hybrid) အင်ဂျင်၊ (Stirling) အင်ဂျင် စသည်ဖြင့် ဒီဇိုင်းမျိုးစုံထုတ်လုပ်ကြပါသည်။ အတွင်းမီးလောင်ပေါက်ကွဲသော အင်ဂျင်များ၏ အခြေခံသဘောတရားများ၊ တည်ဆောက်ပုံများနှင့် အလုပ်လုပ်ပုံများကို ဤစာအုပ်တွင် ဖော်ပြထားပါသည်။ ထို့ကြောင့် အတွင်းမီးလောင်ပေါက်ကွဲသောအင်ဂျင် I.C အင်ဂျင်များအကြောင်း စတင်လေ့လာလိုသူများ အတွက် မရှိမဖြစ်လိုအပ်သော အအေးပေးစနစ် (Cooling System) နှင့် ချောဆီပို့စနစ် (Lubricatng System) များပါ ဖော်ပြထားပါသည်။

ရေကြောင်းဆိုင်ရာဒီဇယ်အင်ဂျင်များ

course-reference-09

သင်္ဘောကြီးများတွင် အား (Power) ထုတ်လုပ်ပေးသော Marin engine ကြီးများအဖြစ် ဒီဇယ်အင်ဂျင်များကိုသာ အများဆုံးအသုံးပြုကြသည်။ အဆိုပါ အင်ဂျင်ကြီးများသည် မြင်းကောင်ရေများစွာ ထုတ်လုပ်ရသဖြင့် အင်ဂျင်၏ လိုအပ်ချက်အရ အင်ဂျင်၏ ဒီဇိုင်းများမှာ ကြီးမားကြသည်။ ထို့ပြင် အသုံးပြုသော Cycle လည်ပတ်နှုန်းများ ကွာခြားကြသဖြင့် တည်ဆောက်ပုံများမှာ အမျိုးမျိုးကွဲပြားခြားနားကြသည်။

ထိုအချက်များအပြင် လေများစွာ ပေးသွင်းနိုင်ရန် ဆောင်ရွက်ထားမှုများ၊ ထိုလေများကို အပူပေးနိုင်ရန် ဆောင်ရွက်ထားမှုများနှင့် လောင်စာဆီပန်းသွင်းပုံအမျိုးမျိုးတို့ကြောင့် တည်ဆောက်မှုများ ကွဲလွဲကြပါသည်။ ထိုကွဲလွဲမှုများကို ပြည့်စုံနိုင်သလောက် ပြည့်စုံနိုင်ရန် ပြုစုပြီး ဤစာအုပ်တွင် ဖော်ပြထားပါသည်။

ထို့ပြင် Marin Engine အား အထောက်အပံ့ပေးသည့် အခြားသော စနစ်များကိုလည်း ပြည့်စုံစွာ ဖော်ပြထား ပါသည်။ ဤစာအုပ်တွင် ဖော်ပြထားသော အင်ဂျင်များသည် သင်္ဘောအင်ဂျင်များသာဖြစ်သည်။ သင်္ဘောအင်ဂျင်များ တည်ဆောက်ရာတွင် တစ်လုံးခြင်း တည်ဆောက်ခြင်းဖြစ်သဖြင့် သင်္ဘောတစ်စီးနှင့် တစ်စီး တည်ဆောက်ပုံခြင်း မတူညီကြပေ။ ထို့ပြင် အင်ဂျင်များကို အင်ဂျင် Designer နှင့် ပိုင်ရှင်များ သဘောကျ တည်ဆောက်ထားကြခြင်းဖြစ်သည်။

ဤစာအုပ်တွင် အင်ဂျင်များ ထိန်းသိမ်းခြင်း၊ ပြုပြင်ခြင်း မောင်းနှင်ခြင်းနှင့် စစ်ဆေးခြင်း စသည်တို့ကို သင်္ဘောအများစုနှင့် ခြုံငုံတင်ပြထားခြင်းဖြစ်သည်။ နမူနာအဖြစ် ဖော်ပြထားသော ရုပ်ပုံကားချပ်များကို ပြည့်စုံနိုင်သလောက် ပြည့်စုံစွာဖော်ပြထားပါသည်။ ဤစာအုပ်၏ နောက်ဆုံးခန်းတွင် ကမ္ဘာနှင့်အဝှမ်း ထုတ်လုပ်ထားသော သင်္ဘောအင်ဂျင်များ၏ သတ်မှတ်ချက်များကို ဇယားများဖြင့် ဖော်ပြထားပါသည်။

ထို့ကြောင့် ဤစာအုပ်သည် ကမ္ဘာသင်္ဘောပိုင်းများတွင် တာဝန်ထမ်းနေကြသော မြန်မာလူငယ်များအတွက် အကျိုးတစ်စုံတစ်ရာ ဖြစ်ထွန်းမည်ဟု ယုံကြည်ပါသည်။ မြန်မာ့လူငယ်များ ကမ္ဘာ့ပင်လယ်ပြင်ကို လွှမ်းမိုးနိုင်ပါစေလို့ ဆန္ဒပြုလျက်……..

စွမ်းအင်နှင့်စွမ်းအားဆိုင်ရာ နည်းပညာသစ်များ

course-reference-10

နေမရှိလျှင် မည်သည့်သတ္တဝါမျှ အမှန်တကယ် အသက်ရှင်နေနိုင်မည် မဟုတ်ချေ။ နေသည် အကြီးမားဆုံးနှင့် အခြေခံအကျဆုံး စွမ်းအင် အရင်းအမြစ်တစ်ခုဖြစ်သည်။

နေမှ အပူနှင့် အလင်းရောင်ကို ရရှိသည်။ လူသားတို့၏ ဂြိုဟ်ကမ္ဘာသည် လကမ္ဘာကဲ့သို့ပင် ကိုယ်ပိုင်အလင်းရောင်နှင့် အပူမရှိချေ။ ထိုနေမှလာသော အပူနှင့်အလင်းစွမ်းအင်များသည် မိုးများ ရွာသွန်းခြင်းနှင့် လေများ တိုက်ခတ်ခြင်းများကို ဖြစ်ပေါ်စေပါသည်။ နေကြောင့် သစ်ပင်များ ဇီဝရုပ်များ ဖြစ်ပေါ်လာကြသည်။

အပင်များတွင် နေ၏ စွမ်းအင်ကို တိုက်ရိုက် ခံဆောင်ရန်နှင့် အသုံးပြုရန် အထူးစွမ်းဆောင်ရည်များ ရှိသည်။ အပင်တို့သည် ခံဆောင်ထားနိုင်ရန်နှင့် ကြီးထွားရန်အတွက် နေရောင်ခြည်စွမ်းအင်ကို အသုံးပြုကြသည်။

လူသားများသည် နေရောင်ခြည်စွမ်းအင်ကို တိုက်ရိုက်နှင့် တစ်ဆင့်ခံ နှစ်မျိုးစလုံး အသုံးပြုကြသည်။ ဥပမာအားဖြင့် နေရောင်ခြည်သည် ဗီတာမင်ဒီကို ရရှိစေသော အရင်းအမြစ်တစ်ခုဖြစ်သည်။ ခန္ဓာကိုယ်အတွက် အလွန်အရေးကြီးသော ဗီတာမင် ဒီကို အရေပြားပေါ်သို့ နေရောင်ခြည် တိုက်ရိုက်ဖြတ်သန်းခြင်းမှ စုပ်ယူပါသည်။ ထိုဗီတာမင်သည် အရိုးများ ကြံ့ခိုင်စေရန်အတွက် များစွာ အကူအညီပေးသည်။

ရှေးနှစ်ပေါင်းများစွာကပင် လူသားတို့သည် နေရောင်ခြည်စွမ်းအင်ကို လေနှင့် ရေပေါ်သို့ တစ်ဆင့်ခံ ဖြတ်သန်းစေခြင်းအားဖြင့် အသုံးပြုခဲ့ကြသည်။ လေနှင့် စီးဆင်းနေသော ရေတို့သည် နေ၏ အရှိန်အဝါကြောင့် ဖြစ်ပေါ်လာသော စွမ်းအင်အရင်းအမြစ်များ ဖြစ်ပါသည်။ တစ်ချိန်တုန်းက လူသားတို့သည် လေရဟတ်များနှင့် ရေအားဖြင့် လည်ပတ်သော ဘီးများကို စွမ်းအင်ထုတ်လုပ်ပေးသော ပစ္စည်းများအဖြစ် အသုံးပြုခဲ့ကြပါသည်။ ယနေ့ခေတ်တွင် ကြီးမားသော လေတာဗိုင်များနှင့် ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံများကို စက်များ လည်ပတ်ရန်နှင့် လျှပ်စစ်ဓာတ်အား ထုတ်ပေးရန်အတွက် အသုံးပြုလျက်ရှိသည်။ သိပ္ပံပညာရှင်များနှင့် အင်ဂျင်နီယာများသည် နေ၏ စွမ်းအင်မှ လျှပ်စစ်စွမ်းအင်သို့ တိုက်ရိုက်ပြောင်းလဲစေသော နည်းလမ်းများကို တီထွင်ခဲ့ကြသည်။ ယနေ့ လူသားတို့၏ လူနေမှုဘဝများသည် လျှပ်စစ်စွမ်းအားအပေါ်တွင် အဓိက မှီခိုနေခဲ့ကြ သည်။

စွမ်းအားဆိုသည်မှာ လျှပ်စစ်ဓာတ်တစ်မျိုးဟု တွေးထင်တတ်ကြသည်။ အလုပ်တစ်ခု ပြုလုပ်ရန်အတွက် စွမ်းအင်အရင်းအမြစ်တစ်ခုကို အသုံးပြုရမည်ဖြစ်သည်။ စွမ်းအား အမျိုးမျိုးရှိပါသည်။ အဆိုပါ စွမ်းအားများကို အသုံးပြုနိုင်ရန်အတွက် နည်းပညာမှသာ ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။

နည်းပညာဆိုသည်မှာ အရာဝတ္ထုများ ပြုလုပ်ရန်အတွက် အသိပညာတစ်ခုသာဖြစ်သည်။ နည်းပညာသည် လူနေမှုဘဝများကို အဆင့်မြင့်စေရန်နှင့် ကမ္ဘာကြီးတစ်ခုလုံးကို ပြောင်းလဲပေးနိုင်သော အသိပညာဖြစ်သည်။

လက်မှုကိရိယာများ၊ ရိုးရှင်းသော စက်မှု အတတ်ပညာများမှ တစ်ဆင့်မြင့် ရှုပ်ထွေးသော စက်မှု အတတ်ပညာ များသို့တိုင်အောင် အဆင့်ဆင့် ပြောင်းလဲတီထွင်ခဲ့ကြသည်။

နည်းပညာသည် လူသားများအတွက် ပြီးပြည့်စုံလုနီးပါးဖြစ်သည်။ သို့သော် အလွန်ရိုးရှင်းပါသေးသည်။ ဥပမာ ရှေးနှစ်ထောင်ပေါင်းများစွာကတည်းက လယ်သမားများသည် စိုက်ပျိုးရာတွင် မြေကြီးပေါ်တွင် စူးထိုးပြီး စိုက်ပျိုးခဲ့ကြသည်။ ထို့နောက် မျိုးစေ့များကို ထိုကျင်းများ အတွင်းသို့ချပြီး အပေါ်မှ မြေကြီးနှင့် ပြန်ဖုံးကာ အပင်များကို ရှင်သန်ကြီးထွားစေသော နည်းလမ်းကို အသုံးပြုခဲ့ကြသည်။

နှစ်ပေါင်း အတော်ကြာလာသောအခါ တစ်စုံတစ်ယောက်သည် ထွန်ခြစ်ကို စတင်တီထွင်တွေ့ရှိလာခဲ့သည်။ ထိုကိရိယာကို တွေ့ရှိသော အချိန်သည် လူသားများအတွက် သတင်းကောင်းတစ်ခုဖြစ်ခဲ့သည်။ ထိုကိရိယာသည် စိုက်ပျိုးရေးအတွက် နည်းပညာအစဖြစ်ခဲ့သည်။ ယနေ့ခေတ်တွင် လောင်စာဖြန့်ဝေရေး၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနှင့် လူအစားထိုး စက်ကိရိယာများသည် ခေတ်မီ စက်မှုအတတ်ပညာများ ဖြစ်ကြပါသည်။ ယနေ့တွင် နည်းပညာများကို ပေါင်းစပ်၍ စနစ်တစ်ခုအဖြစ် ပြုလုပ်နိုင်ပြီဖြစ်သည်။ စနစ်ဆိုသည်မှာ နည်းလမ်းများဖြင့် ဖွဲ့စည်းထားသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။

လောင်စာ အသုံးပြုခြင်းနှင့် ထုတ်လုပ်ခြင်းတွင် လိုအပ်သော စနစ်များရှိသည်။ ပထမဆုံး အချက်အားဖြင့် စွမ်းအင် အရင်းအမြစ်တစ်ခု ရှိရမည်ဖြစ်သည်။ ဥပမာ (ရေနံစိမ်းကဲ့သို့ အရင်းအမြစ်) လောင်စာသည် စနစ်၏ သွင်းကုန်ပစ္စည်းဖြစ်သည်။ ဤစွမ်းအင်အရင်းအမြစ်ကို ပြောင်းလဲမှုတစ်ခု ပြုလုပ်ရမည်ဖြစ်သည်။ စနစ်အားလုံးသည် ပြောင်းလဲမှုဖြစ်စဉ်များ ပါ၀င်နေကြသည်။ ပြောင်းလဲမှု အများစုသည် အင်ဂျင်အတွင်း လောင်စာ လောင်ကျွမ်းမှုမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အကျိုးရလဒ်ထွက်ကုန်မှာ ကားကို ရွေ့လျားရန် စွမ်းအားကို အင်ဂျင်မှ ရရှိခြင်းဖြစ်သည်။ သယ်ယူပို့ဆောင်ရေးစနစ်ဆိုသည်မှာ စွမ်းအင်များ သုံးစွဲမှုမှ ရရှိလာသော ရလဒ်တစ်ခုဖြစ်သည်။ ထရပ်ကားများနှင့် ဓာတ်ဆီဆိုင်များသို့ လိုက်လံပြီး ဓာတ်ဆီဖြန့်ဝေခြင်း သည်လည်း သယ်ယူပို့ဆောင်ရေး စနစ်တစ်ခုပင်ဖြစ်သည်။

စွမ်းအင် အသုံးပြုခြင်းနှင့် သယ်ယူပို့ဆောင်ရေးစနစ်ကြီးနှစ်ခုသည် နည်းပညာကို တိုးတက်စေပါသည်။ အခြား အရေးကြီးသော စနစ်များမှာ ဆက်သွယ်ရေးနှင့် ထုတ်လုပ်ရေးတို့ဖြစ်ကြသည်။ နည်းပညာ စနစ်အဖွဲ့အစည်း အားလုံး၏ စနစ်များသည် တစ်ခုနှင့်တစ်ခု ဆက်နွယ်နေကြသည်။

နည်းပညာများ ကျယ်ပြန့်ထွန်းကားလာပြီဖြစ်သည်။ သို့သော် ဤအရာများသည် ထွန်ခြစ်ကို အသုံးပြုသော ကိစ္စကဲ့သို့ ရိုးရှင်းပါသေးသည်။ ထို့နောက် ဆက်သွယ်ရေး ဂြိုဟ်တု၊ အာကာသယာဉ်များနှင့် နက္ခတ်တာရာကို လေ့လာနေသူများသည် ရှေးအီဂျစ်လူများ ဆောင်ရွက်မှုလောက်သာ ပြုလုပ်နိုင်ပါသေးသည်။ ယနေ့အသုံးပြုနေသော အမျိုးမျိုးသော ကိရိယာများ၊ စက်ပစ္စည်းများဖြင့် အာကာသလွန်းပျံယာဉ်များကို ပိုင်ဆိုင်နိုင်ခဲ့ကြသည်။ အားလုံးသည် စက်မှုအတတ်ပညာများသာ ဖြစ်ကြသည်။

နည်းပညာ၏ သမိုင်းတစ်လျှောက် လူများသည် ဘဝကို အဆင်ပြေချောမွေ့နိုင်စေရန် တီထွင်ကြံဆ နေခဲ့ကြ သည်။ ယနေ့လူသားတို့သည် နည်းပညာစနစ်များပေါ်တွင် လုံးဝမှီခိုနေရပြီဖြစ်သည်။ သို့သော် ဤနည်းပညာများသည် မပြီးဆုံးသော ပုံပြင်တစ်ခုကဲ့သို့ ဖြစ်သည်။ လွယ်ကူသော နည်းလမ်းများသည် လူနေမှု ဘဝများအတိုင်း ပြောင်းလဲနေကြပြီဖြစ်သည်။

“လူတို့သည် ကိရိယာများကို ပုံသွင်းခဲ့ကြသည်။ တစ်ချိန်တွင် ကိရိယာတို့သည် လူများကို ပြန်ပြီး ပုံသွင်းသွားပါလိမ့်မည်ဟု တစ်စုံတစ်ယောက်က ပြောခဲ့ဖူးသည်”။ ဟင်နရီဖို့ဒ်သည် မော်ဒယ်တီပုံစံ ကားကို တီထွင်ခဲ့ပြီးသည့်နောက်တွင် ကျျွနု်ပ်တို့ကမ္ဘာသည် ယခင်နှင့်မတူ လုံးဝကွာခြားခဲ့ပြီဖြစ်သည်။ ကားများသည် သယ်ယူပို့ဆောင်ရေးကို ချောမွေ့စေသည်။ သို့သော် ကားများကြောင့် လေထုအတွင်း ညစ်ညမ်းမှုများကို ဖြစ်ပေါ်စေပါသည်။ ဆူညံသံများကို ဖြစ်ပေါ်စေပါသည်။ ၄င်းတို့သည် လူသန်းပေါင်းများစွာကို သေကျေပျက်စီးခြင်းကို ဖြစ်ပေါ်စေနိုင်ပါသည်။

ယနေ့လူသားများသည် နည်းပညာများထဲတွင် အလွန်အသားကျနေပြီဖြစ်သည်။ နည်းပညာများမှ ရရှိသော ပြဿနာဆိုးကျိုးများအတွက် ခံစားရမည်ဖြစ်သည်။ သို့သော် လူသားတို့သည် နည်းပညာမှ ရရှိသော အကျိုးဆက်များပေါ်တွင် သာယာနေမိပြီဖြစ်သည်။

နည်းပညာအေြကြာင်းတွင် အရေးကြီးသော အချက်နှစ်ချက်ပါရှိသည်။ တစ်ချက်မှာ စနစ်တစ်ခု၏ အစိတ်အပိုင်း တစ်ခုကို ပြောင်းလဲသောအခါ ကျန်သော အစိတ်အပိုင်းများကိုလည်း ပြောင်းချင်ချင်၊ မပြောင်းချင်ချင် လိုက်၍ ပြောင်းလဲပေးရမည်ဖြစ်သည်။

နောက်တစ်ချက်မှာ နည်းပညာဖြင့် ရရှိသော အကျိုးရလဒ်များ ခံစားလိုပါက နည်းပညာ၏ ဆိုးကျိုးများကိုလည်း ခံစားရမည်ဖြစ်သည်။ ထို့ကြောင့် လူသားများအနေဖြင့် နည်းပညာများကို မျက်ခြည်မပြတ် ဂရုပြုစောင့်ကြည့် နေရပါမည်။ ရရှိနိုင်တာများကို ရှာဖွေနေရမည်ဖြစ်ပြီး ဆုံးရှုံးမှုများကို ရင်ဆိုင်နိုင်ရန် ကြိုတင်ပြင်ဆင်ထားရမည် ဖြစ်သည်။

နည်းပညာများမရှိခဲ့လျှင် နောင်နှစ် ထောင်ပေါင်းများစွာ ကြာလာသောအခါ ခေတ်နောက်ကျကျန်ရစ်ခဲ့မည် ဖြစ်သည်။ တွေးခေါ်မြော်မြင်ခြင်းသည် အမြဲတမ်း အောင်ပွဲခံရမည်ဖြစ်သည်။ အကယ်၍ ပို၍ အဆင့်မြင့်သော နည်းပညာများကို ရှာဖွေတွေ့ရှိပါက ကမ္ဘာကြီးကို ယခုထက်ပို၍ သာယာလှပလာစေရန် ဆောင်ရွက်နိုင်မည် ဖြစ်သည်။ ၄င်းသည် နည်းပညာခရီးရှည်တစ်ခုပင်ဖြစ်ပါသည်။ ယခု သင်စတင်ရန် အချိန်ရောက်နေပြီဖြစ်ပြီး ဤစာအုပ်ထဲတွင် နည်းလမ်းကောင်းများစွာ ပါရှိပါသည်။ ဤစာအုပ်သည် နည်းပညာကမ္ဘာအတွင်းသို့သွားသော ခရီးစဉ်တွင် အကူအညီပေးမည်ဖြစ်သော သယ်ယူပို့ဆောင်ရေးကိရိယာတစ်ခုပင်ဖြစ်ပါသည်။

ပန့်- နော်ဇယ်- ဂါဗာနာ

course-reference-11

ဒီဇယ်အင်ဂျင်တစ်လုံးတွင် ပါ၀င်တည်ဆောက်ထားသော စနစ်များအနက် အရေးအပါဆုံးနှင့် အဓိကအကျဆုံး စနစ်တစ်ခုမှာ ဒီဇယ်ဆီပို့စနစ် (Fuel Injection System) ပင်ဖြစ်သည်။ ၄င်းစနစ် ကောင်းမွန်ပါက အင်ဂျင် သက်တမ်းကြာရှည်ပြီး အင်ဂျင်စွမ်းအားပြည့်ထုတ်လုပ်သုံးစွဲနိုင်သည်။ ၄င်းစနစ်ညံ့ဖျင်းပါက အင်ဂျင်သက်တမ်း တိုစေပါသည်။ ထို့ကြောင့် အင်ဂျင်ထုတ်လုပ်သူများမှာ ဒီဇယ်ဆီပို့စနစ်ကို ကောင်းမွန်သည်ထက် ပိုမိုကောင်းမွန်စေရန် အထူးကြိုးစားပြီး ထုတ်လုပ်ကြပါသည်။

ဒီဇယ်အင်ဂျင် စတင်ပေါ်ပေါက်ချိန်တွင် ဂျာမဏီနိုင်ငံ Bosch ကုမ္ပဏီမှ အဆိုပါ Fuel Injection System ၏ အစိတ်အပိုင်းများဖြစ်သော Injection Pump နှင့် Pipe Line များကို ထုတ်လုပ်ခဲ့ကြသည်။ နောက်ပိုင်း၌ အမေရိကန်တွင် American Bosch၊ အင်္ဂလန်တွင် CAVSIMMS စသော ကုမ္ပဏီများမှ ဖော်ပြပါအစိတ်အပိုင်း များကို ထုတ်လုပ်ခဲ့ကြသည်။ ထို့အတူ အင်ဂျင်ထုတ်လုပ်သော Detroit, Cummins နှင့် Caterpillar စသော ကုမ္ပဏီများမှ မိမိတို့အင်ဂျင်များအတွက် ကိုယ်ပိုင် Fuel Injection System များကို အသုံးပြုခဲ့ကြသည်။ နောက်ပိုင်းတွင် ဂျပန်ကုမ္ပဏီ နှစ်ခုဖြစ်သော Diesel KI KI နှင့် Nippon Denso ကုမ္ပဏီများသည် Bosch ကုမ္ပဏီမှ လိုင်စင်ရယူပြီး Fuel Injection System အစိတ်အပိုင်းများကို ထုတ်လုပ်ခဲ့ကြသည်။ ထိုကဲ့သို့ နိုင်ငံပေါင်းစုံ၊ ကုမ္ပဏီပေါင်းစုံမှ ထုတ်လုပ်ကြသော Fuel Injection System များမှာ ဒီဇိုင်းအမျိုးမျိုးနှင့် ပုံစံ အမျိုးမျိုး တည်ရှိကြသည်။

ဤစာအုပ်တွင် American Bosch, Robert Bosch, CAV-SIMMS, Cummins, Detroit နှင့် Caterpillar ကုမ္ပဏီများမှ ထုတ်လုပ်သော ပန့်များ၊ နော်ဇယ်များနှင့် Governor များအကြောင်းကို ပြည့်စုံစွာ ဖော်ပြထားပါ သည်။ ပါ၀င်သောအစိတ်အပိုင်းများ၊ တည်ဆောက်ပုံ၊ အလုပ်လုပ်ပုံ၊ ချိန်ညှိခြင်း၊ ဖြုတ်ခြင်း၊ တပ်ဆင်ခြင်း၊ စစ်ဆေးခြင်း၊ စမ်းသပ်ခြင်းနှင့် အပြစ်ရှာဖွေခြင်းတို့ကို အသေးစိတ်ဖော်ပြထားပါသည်။ ထို့ကြောင့် ဤစာအုပ်သည် ဒီဇယ်အင်ဂျင်အသုံးပြုသူများ၊ ဒီဇယ်အင်ဂျင်ပြုပြင်သူများ၊ ပန့်ဆိုင်များ၊ ကုမ္ပဏီများ၊ ဒီဇယ်အင်ဂျင်အကြောင်း လေ့လာလိုသူများ၊ ပြဿနာများကို ကူညီဖြေရှင်းပေးနိုင်မည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်ဟု ယုံကြည်မိပါသည်။

ရေခဲသေတ္တာနှင့် လေအေးပေးစက်

course-reference-12

Airconditin and Refrigeraton ဘာသာရပ်ကို ရန်ကုန်စက်မှုတက္ကသိုလ်နှင့် စက်မှုသိပ္ပံများတွင် Mechanical ဘာသာရပ်အဖြစ် သင်ကြားပို့ချရန် ပြဋ္ဌာန်းခဲ့ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံအတွင်း ဤဘာသာရပ်နှင့် ပတ်သက်သော လုပ်ငန်းများစွာတို့သည် ပိုမိုတိုးတက်ခေတ်မီလာခဲ့ကြပါသည်။ ထို့ပြင် ကုန်ပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံအလုပ်ရုံကြီးများတွင် လေအေးပေးစက်များ တပ်ဆင်ထားခြင်းဖြင့် ထုတ်ကုန်အရည် အသွေးများ ပိုမိုတိုးတက်လာကြောင်း တွေ့ရှိရပါသည်။

ယနေ့မြန်မာနိုင်ငံတော်၏ တံခါးဖွင့်ဝါဒအရ မြန်မာနိုင်ငံအတွင်း လာရောက်ရင်းနှီးလုပ်ကိုင်ကြသော နိုင်ငံခြားသား ကုမ္ပဏီများသည် လိုအပ်ချက်နှင့်အညီ Aircondition နှင့် Refrigeration လုပ်ငန်းများကို ပိုမိုတည်ဆောက်လာကြပါသည်။ ထို့ပြင် မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံပိုင်စက်ရုံ အလုပ်ရုံများ၊ ဟိုတယ်၊ မိုတယ်၊ အခြားစီးပွားရေးလုပ်ငန်းများနှင့် Domestic အိမ်သုံးလုပ်ငန်းများတွင် အကြီးအကျယ်တိုးတက်သုံးစွဲကြသည်ကို တွေ့ရှိရပါသည်။

ထို့ကြောင့် ဤဘာသာရပ်နှင့် ပတ်သက်သော ပညာပေးစာအုပ်တစ်အုပ်ကို ရေးသားခြင်းဖြစ်ပါသည်။ ဤစာအုပ်တွင်ဘာသာရပ်နှင့် ပတ်သက်သည့် အခြေခံသီအိုရီများ၊ Law များ၊ အလုပ်လုပ်ပုံစသည့် အကြောင်းအရာများကို ပုံများဖြင့် စနစ်တကျ ရေးသားဖော်ပြထားပါသည်။ ထို့ပြင် တည်ဆောက်မှု ကွဲလွဲချက်များ ထိန်းသိမ်းမှုများ၊ ပြင်ဆင်မှုများ၊ တပ်ဆင်မှုများနှင့် ခန့်မှန်းတွက်ချက်မှုများ အပြစ်ရှာဖွေ ပြုပြင်ခြင်း စသည့် အကြောင်းအရာများကိုပါ ပြည့်စုံစွာ ဖော်ပြထားပါသည်။ ဤစာအုပ်ဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ အကူအညီပေးကြသူများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ဤစာအုပ်ဖြင့် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။ ဤစာအုပ်ပါ အကြောင်းအရာတစ်ခု၊ စာကြောင်းတစ်ခု၊ စကားလုံးတစ်ခုခု မှားယွင်းမှုဖြစ်ပါက စာရေးသူ၏ အားနည်းချက်သာဖြစ်ကြောင်း ကြိုတင်ဝန်ခံအပ်ပါသည်။ ဝေဖန်အကြံဉာဏ်များ ပေးပို့မည်ဆိုပါက ၀မ်းမြောက်စွာဖြင့် လက်ခံကြိုဆိုပါမည် ဖြစ်ကြောင်း အမှာပါးအပ်ပါသည်။

AutoCad

auto-cad-01 auto-cad-02 auto-cad-03 auto-cad-04
auto-cad-05      

Electrical

electrical-01 electrical-02 electrical-03 electrical-11
electrical-04 electrical-05 electrical-06 electrical-10
electrical-08 electrical-09 electrical-07 

Mechanical

mechanical-01 mechanical-02 mechanical-03 mechanical-04
mechanical-05 mechanical-06 mechanical-07 mechanical-08
mechanical-09 mechanical-10 mechanical-11 mechanical-12
mechanical-13 mechanical-14 mechanical-15 mechanical-16
mechanical-17 mechanical-18 mechanical-19 mechanical-20
mechanical-21 mechanical-22 mechanical-23 mechanical-24
mechanical-25 mechanical-26 mechanical-27 mechanical-28
mechanical-29 mechanical-30 mechanical-31 mechanical-32
mechanical-33 mechanical-34 mechanical-35 mechanical-36
mechanical-37    

စာအုပ်ပုံများ

book-01 book-02 book-03 book-04
book-05 book-06 book-07 book-08
book-09 book-10 book-11 book-12

ဦးအုန်းမြင့်

1 2 3
4 5 6
7 8-1 8-2
9 10 11
12 8-3